ကိုယ့်ကိုယ်ကို ဆန်းစစ်ပါ
ကျနော် Analysis(分析) နဲ့ပတ်သက်ပြီး ပြောပြချင်တာကြာပါပြီ။ တကယ်တော့ ကိုယ့်ကိုယ်ကို Analysis လုပ်ဖို့ဆိုတာ အရမ်းအရေးကြီးတဲ့ အကြောင်းအရာတစ်ခုပါ။ လူတစ်ယောက်ဟာ ကိုယ် ကိုယ်တိုင်မှ ဘ၀ကို Analysis မလုပ်ရင်နိုင်ရင် တခြားသော အရာတွေကို Analysis လုပ်ဖို့ဆိုတာ လွယ်ကူနိုင်မှာမဟုတ်ပါဘူး။ လူတစ်ယောက်ဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အတွေ့အကြုံတွေဟာလည်း ပိုပြီးတော့ ရင့်ကျက် သင့်ပါတယ်။ လူတိုင်းဟာ ကုန်ဆုံးသွားခဲ့တဲ့အချိန်တွေအတွက် တန်ဖိုးကြီးလှတဲ့ ပေးဆပ်မှုတွေနဲ့ လဲလှယ် လိုက်ရတာပါပဲ။ အဓိကတော့ ဘယ်တော့မှ ပြန်မရနိုင်တဲ့၊ ဘယ်အရာနဲ့မှ လဲလှယ်လို့မရတဲ့ ငယ်ရွယ်နုပျိုမှု ဆိုတာပါပဲ။
လူတိုင်းဟာ လက်ရှိပစ္စုပ္ပန်မှာ အနာဂတ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ဆောင်ရွက်နေကြသူတွေပါ။ အချိန်တွေ၊ငွေတွေ၊စွမ်းအင်တွေနဲ့ ပေးဆပ်ပြီး ကိုယ် ပြန်ရလိုက်တဲ့ အကျိုးအမြတ်ဟာ ကိုယ့်အတွက် အကျိုးရှိရဲ့လားဆိုတာကိုတော့ အမြဲတမ်း Analysis လုပ်ဖို့လိုအပ်မယ်လို့ထင်ပါတယ်။
လူ့ဘ၀ဆိုတာကို အသက်ဆိုတဲ့ ကာလအပိုင်းအခြားနဲ့ သတ်မှတ်ထားတာပါ။ ဘယ်သူကမှ မသတ်မှတ်ခဲ့ပေမယ့် ဘယ်သူမှလဲ အသက်ဆိုတဲ့ အပိုင်းအခြားကို ပြင်ဆင်ပိုင်ခွင့်မရှိပါဘူး။ ကုန်ဆုံးသွားခဲ့ တဲ့ အချိန်တွေဟာ ကိုယ့်အသက်ရဲ့ Minus တွေဆိုတာ ဆန်းစစ်မိရင် ကိုယ်သုံးခဲ့တဲ့အချိန်တွေအတွက်လဲ နှမြောတမ်းတစရာဆိုတာ နားလည်နိုင်ပါလိမ့်မယ်။ ဥပမာ လူတစ်ယောက်ရဲ့သက်တမ်းဟာ အသက် ၇၀ နှစ်ဆိုရင် အသက် ၄၀ ရှိတဲ့သူအတွက် သူနေရမယ့်အနှစ်ဟာ နောက်ထပ် ၃၀ နှစ်ပဲကျန်ပါတော့တယ်။ သူဖြတ်သန်းခဲ့တဲ့ အနှစ်၄၀ ဆိုတာလဲ သူအတွက် ဘာတွေ အကျိုးရှိအောင် လုပ်ဆောင်နိုင်ခဲ့သလဲဆိုတာ ဆန်းစစ်ဖို့ အရေးကြီးပါတယ်။ တကယ်တော့ အသက်အပိုင်းအခြား ဘယ်လောက် သတ်မှတ်ထားသလဲ ဆိုတာ သာမန်လူအနေနဲ့ ကြိုမသိနိုင်ပါဘူး။
ဒါကြောင့် ကျန်ရှိတဲ့အချိန်ကလေးမှာ မိမိကိုယ်ကို အမြဲတမ်းလေ့လာဆန်းစစ်ပြီး အကျိုးရှိတဲ့ အရာတွေကိုပဲ ရွေးချယ်ပြီးဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။ ကုန်ဆုံးသွားခဲ့တဲ့ အချိန်တွေအတွက်ဟာလဲ မိမိဘ၀အတွက် ဘယ်လောက်အသုံးဝင်နေပြီလဲဆိုတာကို နားလည်သဘောပေါက်ပြီး အနာဂတ်အတွက် ကျန်ရှိနေသေးတဲ့အချိန်လေးမှာ အကောာင်းဆုံးသော အရာတွေသာ ရွေးချယ်ဆောင်ရွက်သွားနိုင်ကြပါစေ...

Comments
Post a Comment